Wednesday 29 June 2011

မြန်မာနှင့်ကမ္ဘာသာသနာပြုရာ၌ကွာခြားချက်များ


ဗုဒ္ဓဘာသာသာ သာသနာပြုပုဂ္ဂိုလ်များ ဓမ္မကထိကများသည် မြန်မာနိုင်ငံ၌ တရားဟောရသော တာဝန်ကိစ္စ များ၌ လွယ်ကူသည်ဟု သုံးသပ်နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ပရိသတ်များသည် ဟောသမျှကို သာဓုခေါ်ရန် အစဉ် ၀င်စားနေကြသည်။ မည်သည့်တရားဟောဟော ဓမ္မကထိက တစ်ဦးဦးက – “သတည်း” ဟု အဆုံးသတ်လိုက်လျှင် “သာဓု .. သာဓု .. သာဓု” လို့ခေါ်ကြလေ့ရှိသည်။

ထို့ကြောင့် ဟိုးယခင်ခေတ်က ဆရာတော်တစ်ပါးသည် —

“မြန်မာနိုင်ငံအား အင်္ဂလိပ်များက အုပ်ချုပ်လွှမ်းမိုး လေတော့သတည်း” ဟု ဟောရာ

ပရိသတ်ကြီးက —-

“သာဓု .. သာဓု .. သာဓု”

သာဓုတခဲနက်ခေါ်သဖြင့် ဘုန်းကြီးက ပြန်၍ငေါက်ရသည်ဟု ကြားရသည်။

“ဟဲ့ ! တကာ တကာမတို့ ဒါသာဓုခေါ်ရမယ့်အကြောင်းအချက်ဟုတ်ရဲ့လား” ဟု

ဆိုမိန့်ဖူးသည်ဟု ကြားဖူးလေသည်။ ထို့ကြောင့် မြန်မာပရိသတ်များသည် သာဓုခေါ်ရန် လွန်စွာ ထက်သန်သည်၊ အသင့် ဖြစ်နေကြသည်။ ဟော သမျှပြောသမျှကို နားလည်သည်ဖြစ်စေ နားမလည်သည် ဖြစ်စေ သာဓု ခေါ်လွယ်ကြသည်။ ပဌာန်းဒေသနာ တော်လောက် ခက်ခဲနက်နဲသည်ပင်ဖြစ်စေ နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ သာဓုခေါ်လွယ် ကြသည်သာ ဖြစ်သည်။

ကမ္ဘာ၌ သာသနာပြုရာတွင် စဉ်းစား၊ ၀င်စား၊ ချိန်ဆသော ပရိတ်သတ်သည် သာဓု မခေါ်လွယ်ကြချေ။ ၄င်းတို့သည် သာဓုခေါ်မည့်အစား လက်ညိုးထောင်ကာ “Question” ဟု တောင်းဆိုလေ့ ရှိကြသည်။ မိမိကိုယ်တိုင် ထို ကဲ့သို့သော တောင်းဆိုချက်များအား မကြာခဏ တွေ့ခဲ့ရဖူးသည်။ ထို့ကြောင့် ထိုသို့ “Question” ဟု တောင်းဆိုသောအခါ မြန်မာနိုင်ငံနှင့် မတူသဖြင့် သာသနာပြု ပုဂ္ဂိုလ်များသည် မြန်မာနိုင်ငံလို ထင်မှတ်ကာ မိမိပြောသမျှ သာဓုခေါ်လိမ့်မည်ဟု အောက်မေ့ထားက မှားပေလိမ့်မည်။ အခါအားလျှော်စွာ ၄င်းတို့ နားမလည်၍ ဖြစ်စေ၊ ၄င်းတို့စဉ်းစားကြည့်ရာ ရှေ့နောက် မညီညွတ်နိုင်လို့ဖြစ်စေ “Question” ဟုမေးလျှင် မေးခွင့်ပြုနိုင်ရ လေသည်။ “Question” ဟု လက်ညိုးထောင်သောအခါ မေးခွင့် မပြုပါဟုဆိုလျှင် ယင်းပရိသတ်တို့သည်။ ကျေနပ်နိုင်လိမ့်မည်လည်း မဟုတ်ပါ။

ထိုမှတဖန် အခြားတဖက်၌ သူတို့သည် များသောအားဖြင့် ဒီဘ၀ဒီမျှသာဟု ယူဆသော ဥစ္စေဒဒိဌိ အတွေးအခေါ် ဖက်သို့ ယှဉ်သည်။ သူတို့သည် ဒီဘ၀ တိုတိုကလေးပဲ ရှင်သန်ရမည်ဖြစ်သဖြင့် အချိန်သည် အရေးကြီးသည်ဟု ပြောလေ့ရှိသည်။ ထို့ကြောင့် အရေးကြီးသော အချိန်ကိုပေး၍ တရားနာရသည်ဖြစ်ရာ သူတို့ စိတ်တိုင်းကျ ဗဟုသုတ မရလျှင် သူတို့၏အချိန်ကို အကုန်ခံလိမ့်မည် မဟုတ်ပါ။

စည်းရုံးရေးနှင့် လူမှုရေး အထိုက်အလျှောက် မြန်မာပရိသတ်များကိုမူ ပြောဟောက လွယ်ကူနိုင်ကောင်း လွယ်ကူ နိုင်ပေလိမ့်မည်။ ကမ္ဘာသို့ တရားဟော သာသနာပြုကိစ္စများနှင့်ပတ်သက်၍မူ မြန်မာနိုင်ငံကဲ့သို့ မလွယ်ကူချေ။ မေးခွန်းများ အမေးခံရတတ်သည်။ အခါအားလျော်စွာ ဒါ အရှေ့တိုင်း ပညာတွေလား အနောက်တိုင်း ပညာတွေရော ဆည်းပူး လေ့လာထား ပါသလား? နှိုင်းယှဉ်တင်ပြ နိုင်ပါသလား? ဟူသော မေးခွန်းများ မေးခဲ့ဖူးကြလေသည်။ ထို့အခါ ဓမ္မကထိကများသည် အနောက်တိုင်း ပညာများကိုတော့မူ မလေ့လာပါဟု ပြောလျှင် ထိုသို့ နှိုင်းယှဉ် မလေ့လာနိုင်ပါလျှင် အချိန်ကုန်ခံ၍ နားထောင်ရန် အခက်အခဲရှိ ပါသည်ဟု ပြန်လည် တုန့်ပြန်သော စကားများ ကြားဖူးလေသည်။

ထို့ကြောင့် ကမ္ဘာသို့ သာသနာပြုလိုသော ပုဂ္ဂိုလ်တို့သည် အမေးအမြန်း ခံနိုင်ရမည်။ ထိုသို့ အမေးအမြန်း ခံနိုင်ရန်မူ စာသိသာမက လက်တွေ့ကျင့်ကြံထားသော အတွေ့အကြုံရှိမှသာလျှင် ပြန်လည်ဖြေကြားရာ၌ အဆင်ပြေနိုင်သည်။ ၄င်းတို့ ကျင့်ကြံအားထုတ်သောအခါ မည်ကဲ့သို့ တွေ့ပါသည် မည်ကဲ့သို့ခံစားရပါသည် ဟုပြောသောအခါ ကိုယ်က စာအုပ်ကြီးနှင့် မှီး၍ ဖြေရှင်းခြင်း၌ အောင်မြင်လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် သာသနာပြုပုဂ္ဂိုလ်တို့သည် ပဋိပတ္တိ၊ ပဋိဝေဒ စသော ကျန်သာသနာများကိုလည်း အထိုက်အလျှောက်ဖြစ်စေ၊ အတော်အသင့်ဖြစ်စေ ကျွမ်းကျွမ်းကျင်ကျင် နိုင်နိုင်နင်းနင်း တွေ့ကြုံ လေ့ကျင့်ဖူးမှသာ ကမ္ဘာ့သာသနာပြုရေးရာ၌ အောင်မြင်ရန် မျှော်လင့်နိုင်လေသည်။

“လူမှုဆက်ဆံရေးနှင့် မြန်မာများဆင်းရဲလို့ လှူကြပါဦး တန်းကြပါဦး” ဟု ဒေါ်လာ အလှူခံခြင်းကိစ္စမျိုးကိုမူ မပြောလိုပေ။ ထိုကိစ္စမှာ သာသနာပြုခြင်းမဟုတ် အလှုခံခြင်းသက်သက်ဖြစ်၍ ထို့နောက် မကောင်းတတ် သည်မှာ — “မြန်မာများ ဆင်းရဲနွမ်းပါးနေပါသည်” ဟူသောစကား အကြိမ်ကြိမ်ပြော၍ မြန်မာ အခက်အခဲများ၊ မြန်မာ အသုံးမကျမှုများ၊ မြန်မာ အားနည်းချက်များကို ထုတ်ဖော်ကာ အလှူခံခြင်းသည် ချီးကျူးဖွယ်ရာတော့ မဟုတ်ချေ။ သို့သော် ဒေါ်လာများတော့ ရနိုင်တတ်ပါသည်။ တကယ်ချီးကျူးဖွယ်ရာမှာ မြေလှန်၍ သာသနာပြုနိုင်မှသာ ချီးကျူးအပ်လေသည်။

၎င်းတို့၏ အယူအဆ ဘ၀နှင့်ပတ်သက်၍ ခံယူချက်များ ပြောင်းလဲကာ ဗုဒ္ဓဘာသာ ၀င်မှသာလျှင် ထိရောက် နက်နဲနိုင်လေသည်။ သာမန်အားဖြင့် လူမှုရေးဆက်ဆံသကဲ့သို့ အပေါ်ယံဆက်ဆံရုံမျှနှင့်မူ သာသနာပြုရာ မရောက်ဘဲ လူမှုရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာသာ ကျနိုင်သည်။

ထို့ကြောင့် အမှန်တကယ် သာသနာ ချစ်မြတ်နိုးသူတို့သည် တကယ် မြတ်စွာဘုရား၏ သာသနာကို ကမ္ဘာပြန့်လိုသူတို့သည် အကျင့်ပိုင်းနှင့်ပါ ကျင့်ကြံအားထုတ် ထားမှသာလျှင် အရာရာ ဖြေရှင်း အောင်မြင်နိုင်မည်ဟု မြင်မိပေသည်။ လက်တွေ့နည်းအားဖြင့်လည်း အမေးအဖြေနှင့် ဆွေးနွေးပွဲများ ပြုလုပ်တတ်သော ကမ္ဘာ့သုတေသန ပုဂ္ဂိုလ်များသည် တဖက်စောင်းနင်း ပြောသမျှ သာဓုခေါ်၍ လက်ခံရမည် ဆိုသည်ကို အလွယ်တကူ သဘောတူညီလိမ့်မည် မဟုတ်ချေ။

ထို့ကြောင့်သာသနာချစ်သော မျိုးချစ်ပုဂ္ဂိုလ်များ၊ သာသနာချစ် တိုင်းပြည်ချစ်သော ပုဂ္ဂိုလ်များသည် မိမိတို့ဖက်မှ ဘက်စုံအောင် အရည်အချင်း ဖြည့်စွက်ထားရန် လိုအပ်မည်ဟု ယူဆမိပေသည်။ ဤသို့ အကြံအဉာဏ်ပေးရသည်မှာ သာသနာပြုလိုသော စေတနာအား တန်ဖိုးထား၍ သာဓုခေါ်လိုသော သဘောကြောင့် အကြံပေးရခြင်း ဖြစ်လေသည်။

ဗုဒ္ဓစာပေဆုရ
ဒေါက်တာချစ်ငယ်(ဒဿန)
မြန်မာနိုင်ငံ

Sunday 5 June 2011

အားလုံးပျော်ဖို့



>
တစ်ခါက နိုင်ငံတစ်နိုင်ငံ၏ လူကြီးသုံးဦးဟာ ရဟတ်ယာဉ်စီးပြီး  နိုင်ငံအခြေအနေကို လှည့်လည်ကြည့်ရှုကြတယ်။


အဲဒီအချိန်မှာ ပထမ လူကြီးတယောက်က သူ့ရဲ့စိတ်ကူးကို စပြောတယ်။”

တကယ်လို့ အခုချိန်မှာ ငါသာ ငွေတစ်ထောင်တန်တစ်ရွက် ပစ်ချလိုက်ရင် ကောက်ရတဲ့လူက အရမ်းပျော်မှာပဲကွ…နော်”

အဲလိုပြောတော့ ဒုတိယ လူက အားကျမခံ ” ၅၀၀ တန်နှစ်ရွက် ပစ်ချလိုက်ရင် လူနှစ်ယောက် ပျော်ရမှာကွ”

တတိယ လူကလည်း ဘယ်နေပါ့မလဲ။

” ၁၀၀ တန်ဆယ်ရွက် ပစ်ချလိုက်ရင် လူဆယ်ယောက် ပျော်ရမယ်နော့်”

သူတို့အချင်းချင်း ပြောနေတဲ့ စကားကိုကြားတော့ လေယာဉ်မှုးက အမြင်ကပ်လာပြီး ခုလို ပြောလိုက်တယ်။

“ခေါင်းဆောင်ကြီးတို့ သုံးယောက်စလုံးသာ ခုန်ချလိုက်ရင် ဒီနိုင်ငံမှာရှိတဲ့ လူတွေအကုန်လုံး ပျော်ကြမှာဗျ”

Saturday 4 June 2011

ကျေနပ်မိပါပြီ




ကျွန်မငယ်ငယ်ကတည်းက ရုပ်ရှင်မကြည့်တတ်ခဲ့ပါ။ တနှစ်နေလို့ တခေါက်ရုပ်ရှင်ရုံကို မရောက်ခဲ့ပါဘူး။ ရှင်းရှင်းဝန်ခံရရင် ကျွန်မ ရုပ်ရှင် လုံးဝ မကြိုက်ခဲ့ပါ။

ရုပ်ရှင်သရုပ်ဆောင် ကျော်သူ ရယ်လို့ ဖြစ်လာမယ့် ကျွန်မခင်ပွန်းနဲ့ အိမ်ထောင်ကျခဲ့စဉ်ကလည်း သူဟာ ရုပ်ရှင်သရုပ်ဆောင်တယောက် မဟုတ်သေးပါဘူး။ တက္ကသိုလ်ကျောင်းသားလေး မောင်ကျော်ဝင်း (ခ) မောင်မောင်ပါ။ သို့သော်လည်း ဘဝကံ အကျိုးပေးကြောင့် ရုပ်ရှင်သရုပ်ဆောင် ကျော်သူ၏ဇနီးအဖြစ် နဲ့ ဘဝလမ်းကို လျှောက်လှမ်းခဲ့ရပါတော့တယ်။


တကယ်တော့ သူရုပ်ရှင်သရုပ်ဆောင်တယောက်ဖြစ်ခဲ့ရတာ ကျွန်မရဲ့ပယောက မကင်းဘူး လို့လည်း ပြောနိုင်ပါတယ်။ ကျွန်မတို့ အိမ်ထောင်ကျပြီး မကြာခင်မှာပဲ သူ့ရဲ့ အမနဲ့ ညီတို့ဟာ နိုင်ငံရပ်ခြားကို ထွက်ခွာသွားခဲ့ကြပါတယ်။ ဒီတော့ သူ့ရဲ့မိဘများက ကျွန်မတို့ကိုလည်း နိုင်ငံခြားသွားဖို့ တိုက်တွန်းကြပါလေရော။ ကျွန်မက မြန်မာပြည်ကို သိပ်ချစ်တဲ့သူ၊ မြန်မာလူမျိုးတွေနဲ့ပဲ နေချင်တဲ့သူ။ ကျွန်မမိဘတွေကိုလည်း မခွဲနိုင်ပါဘူး။ အဲဒါကြောင့် ကျွန်မသာ မြန်မာပြည်မှာနေရမယ်ဆိုရင် သူ လုပ်ချင်တာ လုပ်နိုင်တယ်လို့ ခွင့်ပြုလိုက်ရာက သူဟာ ရုပ်ရှင်သရုပ်ဆောင် ကျော်သူ ရယ်လို့ ဖြစ်လာခဲ့တာပါ။ အဲဒီမှာ ကျွန်မတခါမှ အိပ်မက်တောင် မမက်ခဲ့ဖူးတဲ့ဘဝကို မကြိုက်နှစ်သက်ဘဲနဲ့ လက်ခံလိုက်ရပါတယ်။ ကျွန်မ တခါတလေ သူ့ကို “ပြည်သူပိုင်ကြီး” လို့ ခေါ်ခဲ့ပါတယ်။ ဟုတ်တယ်လေ။ ကျွန်မ လိုချင်တာက ငြိမ်းအေးတဲ့ ကိုယ်ပိုင်သီးသန့်ဘဝလေး။ ဒါပေမယ့် ကျွန်မ ရခဲ့တာက … ထားလိုက်ပါတော့။ ကျွန်မ ပြောချင်တာက။ ကျွန်မ ရုပ်ရှင်သရုပ်ဆောင်တယောက်ရဲ့ ဇနီးဘဝကို မကြိုက်ခဲ့ဘူးဆိုတာကိုပါ။

ဒီလိုနဲ့ နာရေးကူညီမှုအသင်းကြီး စတင်တည်ထောင်ခဲ့တဲ့ ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ကို ရောက်လာခဲ့တယ်ဆိုပါတော့။ အဲဒီမတိုင်ခင် ၃ နှစ်လောက်ကတည်းက ကျွန်မ ဖေဖေရဲ့ နှမ၊ မန္တလေး တက္ကသိုလ် မြန်မာစာပါမောက္ခ ဒေါ်လှမြတ်ဆီက သူ နာယက အဖြစ် ဆောင်ရွက်နေတဲ့ မန္တလေး ဗြဟ္မာစိုရ် အသင်းကြီးအကြောင်းကို ကြားသိနေခဲ့ရပါတယ်။ ကျွန်မလေ ကျွန်မ ချစ်တဲ့ ကျွန်မတို့လူမျိုးတွေအတွက် အကျိုးရှိမယ့် အဲဒီအလုပ်ကို ရန်ကုန်မှာလုပ်ဖို့ အရမ်းကို စိတ်အားထက်သန်ခဲ့တယ်။ တချိန်ချိန်မှာတော့ လုပ်ဖြစ်အောင်လုပ်မယ်လို့ စိတ်ကူးတွေယဉ်နေတုန်း အဒေါ်က ရန်ကုန်မှာ ဘဘ ဦးသုခတို့၊ ဆရာ ဦးအောင်သင်း တို့ စလုပ်ကြမယ်လို့ သတင်းပေးလာတော့။ ဝမ်းသာအားရနဲ့ ကျွန်မတို့ အလှူငွေလည်း ထည့်ဝင်ရင်းနဲ့ ကိုယ်တိုင်လည်း ဝင်ရောက်လုပ်ကိုင်ခဲ့ကြပါတယ်။ ကျွန်မ မြန်မာပြည်မှာ နေလိုက်ရကျိုးက အခုမှ နပ်တော့တာလေ။ ကိုယ်လည်း ကုသိုလ်ရ၊ အများလည်း အကျိုးရှိတဲ့အလုပ်ကို လုပ်လိုက်ရလို့ ကျွန်မ အရမ်းကျေနပ်ပြီ။


အဲဒီထက် ကျေနပ်ရတာကတော့ ကျွန်မတို့အသင်းဟာ ထင်ထားတာထက်ပိုပြီး အချိန်တိုတိုနဲ့ လူသိများ အောင်မြင်လာခဲ့ရတာဟာ အဲဒါ ဘာကြောင့်လဲလို့ သေချာပြန်ကြည့်လိုက်တော့ ကျွန်မတို့ အသင်းမှာ နာမည်ကျော်ကြား လူသိများပြီးသား၊ လူချစ်လူခင်များပြီးသား အနုပညာရှင်တွေ ပါနေကြလို့ ဆိုတာ ကျွန်မ လုံးဝ မငြင်းနိုင်ပါ။ ဟုတ်တယ် လုံးဝ မငြင်းနိုင်ပါ။ အကယ်ဒမီ ခြောက်ထပ်ကွမ်း ရုပ်ရှင်ဒါရိုက်တာ၊ စာရေးဆရာကြီး ဦးသုခ၊ စာရေးဆရာကြီး ဦးအောင်သင်း၊ အကယ်ဒမီရုပ်ရှင် သရုပ်ဆောင်၊ ဒါရိုက်တာ ကျော်သူ၊ စာရေးဆရာမ သန်းမြင့်အောင်တို့ရဲ့ အနုပညာသြဇာဟာ သည်နေရာမှာ ဘယ်လောက်ထိသက်ရောက် အကျိုးပြုနေတယ်ဆိုတာ ကျွန်မတို့ အသိဆုံးပါ။

၂၀၀၂ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့မှာ ရွှေဟင်္သာတောရ၊ သီရိမန္တစံကျောင်းတော် ဆရာတော် ဘဒ္ဒန္တရာဇိန္ဒာဘိဝံသ ဆရာတော်ဘုရားကြီးရဲ့ ဒါယကာ၊ ဒါယကာမ များဖြစ်တဲ့ ဦးဋ္ဌေးအောင်ဝင်း ဇနီး ဒေါ်ဆွေဆွေဝင်းနဲ့ ရဟန်းဒါယကာမကြီး ဒေါ်ခင်စောနွဲ့ တို့ ဦးဆောင်တဲ့ ဆွေမျိုးတစုက နာရေးကူညီမှုအသင်းအတွက် အလှူငွေကို ဆရာတော်ကြီးရဲ့ ရှေ့မှောက်မှာ ရေစက်သွန်ချ လှူဒါန်းလိုကြောင်း ပြောကြားတဲ့အတွက် အလှူငွေသွားရောက် လက်ခံပေးခဲ့ကြရပါတယ်။

ဆရာတော်ကြီးကို ရှိခိုးကန်တော့ မိတ်ဆက်စကားလျှောက်ထားကြတဲ့အခါ ကိုကျော်သူကို ဆရာတော်ကြီးက သူ့ရဲ့ ဒကာမတဦးဖြစ်တဲ့ အင်္ဂလန် သံအမတ်ကြီး ဒေါက်တာ ကျော်ဝင်း ကတော် ဒေါ်ကြည်ကြည်ရဲ့တူ အနုပညာလုပ်နေတဲ့ တယောက်လား လို့မေးတော့ ကိုကျော်သူက ဟုတ်မှန်ကြောင်း ယခု နာရေးကူညီမှုအလုပ်ကိုလည်း လုပ်နေကြောင်း ပြန်လည်လျှောက်ထားရာ ဆရာတော်ကြီးက …

“အေးပေါ့ သံဃာတွေ စာမေးပွဲအောင် အောင်၊ ဘွဲ့တံဆိပ်ရအောင် ဖြေဆိုထားကြသလိုပေါ့။ ဂုဏ်အရှိန်ရှိတော့ သာသနာပြုရတာ ပိုတွင်ကျယ်သလို၊ နာမည်ရှိပြီးသား ရုပ်ရှင်သရုပ်ဆောင်ဆိုတော့ လူမှုရေးလုပ်ရတာ ပိုလွယ်ကူ အောင်မြင်လွယ်တာပေါ့” 

လို့ မိန့်ကြားလိုက်တဲ့ စကားတခွန်းနဲ့ပဲ ကျွန်မလေ ကျွန်မ ခင်ပွန်းဟာ ရုပ်ရှင်သရုပ်ဆောင် အနုပညာရှင်တဦးဖြစ်နေတာကို ကျေနပ်မိပါပြီ။

(ဆောင်းပါးအသစ် မရေးနိုင်သေးခင်မှာ ၂၀၀၂ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့ထုတ် အလင်းတန်း ဂျာနယ်မှာ ဖော်ပြခဲ့ဖူးတဲ့ ကျွန်မရဲ့ ပထမဆုံး ဆောင်းပါးကို ပြန်လည်တင်ပြလိုက်ပါတယ်။ ဒီဆောင်းပါးကို နာရေးကူညီမှုအသင်းက ထုတ်ဝေတဲ့ ‘ပေးဆပ်နေသူများ’ စာအုပ်ထဲမှာလည်း ထည့်သွင်းခဲ့တော့ ဖတ်ဖူးတဲ့သူတွေလည်း ရှိကြမှာပါ။ မဖတ်ရသေးတဲ့သူတွေအတွက်တော့ အသစ်ပေါ့)
copy from moemaka news


မင်္ဂလာဟူသည်


မင်္ဂလာဟူသည် ကျက်သရေအပေါင်းနှင့် ပြည့်စုံခြင်းဟု အကျဉ်းအားဖြင့် ဆိုသည်။ မကောင်းသော အကုသိုလ်တရားတို့ကို ပယ်ဖျက် နှိမ်နင်းခြင်းသည် မင်္ဂလာဖြစ်သည်။ မိမိကိုယ်တိုင်နှင့် ပတ်ဝန်းကျင်တွင် မကောင်းသောအရာတို့မရှိခြင်း၊ ကောင်းသောအရာတို့နှင့် ပြည့်စုံနေခြင်းသည် မင်္ဂလာရှိခြင်းဖြစ်သည်။ မင်္ဂလာရှိဘို့အတွက် မိမိကိုယ်တိုင်သာ လုပ်ယူရမည်ဖြစ်သည်။ မင်္ဂလာရှိခြင်းကို တစ်းပါးသူ ဖန်တီးလို့မရပေ။ ကိုယ်တိုင်က ကောင်းသောလုပ်ကိုလုပ်ခြင်း၊ ကောင်းစွာပြောဆိုခြင်းနှင့် ကောင်းသောအကြံအစီတို့ကို ကြံစီခြင်းရှိမှသာ မင်္ဂလာ ရှိမည်ဖြစ်သည်။ ထို့သို့ မင်္ဂလာရှိဘို့အတွက် ဘုရားရှင်ဟောကြားတော်မူသော ၃၈-ဖြာမင်္ဂလာတရားတော်များကို လိုက်နာပြုကျင့် ပြောဆိုကြံစီရမည်သာ ဖြစ်ပေသည်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ စည်းရုံးရေးစွမ်းရည်
တက္ကသိုလ်နေ၀င်း

မြန်မာ့ လွပ်လပ်ရေးသမိုင်းကို မှတ်တန်းတင်ရေးသားသည်ရှိသော် ၁၉၄၇-ခုနှစ်ဆန်းက ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့သည် မြန်မာ့လွတ်လပ်ရေးကိစ္စအရေးဆိုရန် ရန်ကုန်မြို့မှ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့သို့ သွားရောက်ခဲ့သည်ကိုလည်းကောင်း၊ ဗိုလ်ချုပ်တို့ အဖွဲ့နှင့် ဗြိတိသျှနန်းရင်းဝန် (၀န်ကြီးချုပ်) မစ္စတာအက်တလီဦးဆောင်သည့် ဗြိတိသျှကိုယ်စာလှယ်အဖွဲ့တို့ ၁၉၄၇-ခုနှစ်၊ ဇန်န၀ါရီလ ၁၃ ရက်နေ့မှစ၍ လန်ဒန်မြို့ရှိ ကမ္ဘာကျော် လိပ်စာတစ်ခုဖြစ်သော အမှတ် ၁၀၊ ဒေါင်းနင်းလမ်း (No. 10, Downing Street)တွင် စတင်ဆွေးနွေးခဲ့သည်ကို လည်းကောင်း ချန်လှပ်ထားလိုက်ပါက ပြီးပြည့်စုံမည် မဟုတ်ချေ။
ထိုနှစ်ဆန်းက သမိုင်းတွင်ကျန်ရစ်မည့် ရက်စွဲတစ်ခုကား ၁၉၄၇ ခုနှစ်၊ ဇန်န၀ါရီလ ၂၇ရက်နေ့ပင် ဖြစ်သည်။ အကြောင်းမူကား ထိုနေ့တွင် ဗြိတိသျှအစိုးရက မြန်မာနိုင်ငံအား တစ်နှစ်အတွင်း လုံးဝလွပ်လပ်ရေး ပေးပါတော့မည်ဟု အာမခံချက်ပေးသည့် ‘အောင်ဆန်း-အက်တလီစာချုပ်’ ကိုအောင်မြင်ချောမောစွာ လက်မှတ်ရေးထိုး လိုက်ကြသောကြောင့်ပင်တည်း။
‘လုံးဝလွတ်လပ်ရေး’ ဆိုသည်မှာလည်း မြန်မာပြည်မနှင့်တကွ တောင်တန်းဒေသရှိ လူမျိုးစုများနေထိုင်ရာဒေသ (ပြည်နယ်) များ အပါအ၀င် UNION ‘ယူနီယံ’ ခေါ် ‘ပြည်ထောင်စု’ ပုံစံအဖြစ် လွတ်လပ်ရေးပေးခြင်းကို ဆိုလိုပေသည်။
(မှတ်ချက်။      ။ ၂၇-၁-၄၇ နေ့တွင် ‘အောင်ဆန်း-အက်တလီစာချုပ်’ လက်မှတ်ရေးထိုးပြီးနောက် ၁၉-၇-၄၇ နေ့တွင် ဗိုလ်ချုပ်နှင့် တကွ အပေါင်းအပါ အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရ၍ ကျဆုံးသွားလင့်ကစား ဗိုလ်ချုပ်၏ ဦးဆောင်မှုဖြင့် ဆွေးနွေးတောင်းဆိုရာမှ ရရှိခဲ့သော ‘အောင်ဆန်း-အက်တလီစာချုပ်’သည် ပျက်ပြယ်မသွားခဲ့ပါချေ။ ၁၉၄၇-ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ ညပိုင်းမှာပင် ဗိုလ်ချုပ်အောင်ဆန်းနေရာ ဆက်ခံရန်၊ တာဝန်ဆက်လက်ယူရန် ဗြိတိသျှဘုရင်ခံက ဖဆပလအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ သခင်နု (ဦးနု)ကို ဖိတ်ခေါ်ခန့်ထားပြီးနောက် မကြာမီ ဦးနု ကိုယ်တိုင် ဗြိတိသျှအစိုးရ၏ ဖိတ်ခေါ်ချက်အရ လန်ဒန်မြို့သို့ သွားရောက်၍ လွတ်လပ်ရေးအပြီးသတ် အစီအစဉ်အဖြစ် ‘နု-အက်တလီစာချုပ်’ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။)
မည်သို့ပင်ဖြစ်စေ ‘တစ်နှစ်အတွင်း လုံးဝလွတ်လပ်ရေးပေးပါမည်’ ဟု ဗြိတိသျှ အစိုးရက အာမခံချက်ပေးခဲ့သည့် ‘အောင်ဆန်း-အက်တလီစာချုပ်’ အရ မြန်မာနိုင်ငံသည် ၁၉၄၈-ခု၊ ဇန်န၀ါရီ ၄ ရက်နေ့၊ နံနက် ၄နာရီ မိနစ်၂၀ မှစ၍ ‘ပြည်ထောင်စုသမ္မတနိုင်ငံ’ အဖြစ် လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်လာခဲ့သောကြောင့် ယင်းသို့ တကယ်လွတ်လပ်ရေးရချိန်၌ သူ အသက်ထင်ရှား မရှိတော့လင့်ကစား သူ၏ဦးဆောင်ကြိုးပမ်းမှုကြောင့် လွတ်လပ်ရေးရခဲ့ခြင်းဖြစ်လေရာ ဗိုလ်ချုပ်အောင်ဆန်းအား ‘လွတ်လပ်ရေးဗိသုကာ’ ဟု ဂုဏ်ပြုတင်စား ခေါ်ဝေါ်နေကြခြင်းဖြစ်သည်။
ယနေ့လူငယ်များ အထူး သိရှိမှတ်သားကြစေချင်သည်ကား လွတ်လပ်ရေး အတွက် ၂၇-၁-၄၇ နေ့က လန်ဒန်မြို့တွင် လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့သော ‘အောင်ဆန်း-အက်တလီစာချုပ်’ကို ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် အခက်အခဲမရှိ လွယ်ကူချောမောစွာ ချုပ်ဆိုနိုင်ခဲ့ခြင်း မဟုတ်ဟူသော အချက်ပင်တည်း။
*        *        *
ဗိုလ်ချုပ်အောင်ဆန်းသည် လန်ဒန်မြို့သို့ရောက်ပြီး ၀န်ကြီးချုပ် မစ္စတာအက်တလီ ခေါင်းဆောင်သော ဗြိတိသျှအစိုးရအဖွဲ့နှင့် စတင်ဆွေးနွေးကြသည့် ၁၉၄၇-ခု၊ ဇန်န၀ါရီလ ၁၃ ရက်နေ့ကပင် သူ၏လိုလားချက်ကို ဘွင်းဘွင်းနှင့် ပြတ်သားစွာပင် တောင်းဆိုခဲ့သည်။ သူ့အနေဖြင့် မြန်မာနိုင်ငံ ပြည်မအတွက်သာမက တောင်တန်ဒေသရှိ တိုင်းရင်းသားလူမျိုးစုအတွက်ပါ ကိုယ်စားပြု၍ လာရောက်ခြင်းဖြစ်ကြောင်း၊ လိုချင်သည့် လွတ်လပ်ရေးပုံစံကလည်း ပြည်မနှင့် တောင်တန်းဒေသနေ လူမျိုးစုများ၏ ဒေသနယ်ပယ် (ပြည်နယ်) များ စုပေါင်းဖွဲ့စည်းအပ်သည့် UNION ‘ပြည်ထောင်စု’ အသွင်မျိုးဖြစ်ကြောင်းကို ရဲဝံ့ပြတ်သားစွာ ပြောခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ဆွေးနွေးပွဲတွင် စတင်အရေးဆိုနေဆဲမှာပင် အနှောက်အယှက်၊ အထစ်အငေါ့တစ်ခု ပေါ်လာပါတော့သည်။
ယင်းကား ဗြိတိသျှ အစိုးရထံသို့ မြန်မာနိုင်ငံမှ ကြေးနန်းတစ်စောင် ရောက်လာခြင်းဖြစ်သည်။ ကြေးနန်းစာတွင် ယခု လန်ဒန်ရောက်နေသူ အောင်ဆန်းသည် တောင်တန်ဒေသ တိုင်းရင်းသားလူမျိုးစုများကို ကိုယ်စားမပြု၊ အထူးသဖြင့် ရှမ်းပြည်နယ်ကို ကိုယ်စားပြုသူမဟုတ်၊ မြန်မာပြည်မ၏ ကိုယ်စားလှယ်သာဖြစ်ကြောင်း ပါရှိလာပြီး ကြေးနန်းစာ၏ အောက်တွင် ရှမ်းစော်ဘွားနှစ်ဦး၏ အမည် ပါလာသည်။
ဤတွင် ဗြိတိသျှ အစိုးရက အဆိုပါ ကြေနန်းစာကိုပြပြီး ဗိုလ်ချုပ်အောင်ဆန်းအား ‘မင်းပြောသလို တိုင်းရင်းသား လူမျိုးစုများကို ကိုယ်စားပြု အရေးဆိုပိုင်ခွင့်မရှိ’ဟု ပြောပါသည်။
ကြေးနန်းစာကြောင့် သခင်မြစသော မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များသည် အထူးစိုးရိမ် တုန်လှုပ်သွားသော်လည်း ဗိုလ်ချုပ်အောင်ဆန်းကမှု ယခုကြေနန်းရိုက်သူ စော်ဘွားနှစ်ဦးသည် လူနည်းစုသာဖြစ်ကြောင်းသိသဖြင့် ဣနြေ္ဒမပျက်ချေ။
ရှမ်းစော်ဘွားနှစ်ဦးက ဗြိတိသျှအစိုရထံ ကြေးနန်းရိုက်လိုက်ကြောင်းကို ရန်ကုန်မြို့ရှိ ဖဆပလဋ္ဌာနချုပ်မှ တာဝန်ရှိလူကြီးများက ကြားသိရလေရာ ချက်ချင်းပင် တန်ပြန်လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ကြပါသည်။
ရှမ်းပြည်နယ် လွတ်လပ်ရေးအဖွဲ့ချုပ်မှ ဦးတင်အေး (နောက်ပိုင်း နိုင်ငံတော် ကောင်စီဝင်)၊ ဦးထွန်းမြင့် (တောင်ကြီး) တို့နှင့်တိုင်ပင်၍ ဗိုလ်ချုပ်အောင်ဆန်းအား အလေးအနက် ထောက်ခံသည့် လူထုစည်းဝေးပွဲတစ်ရပ် ပြုလုပ်ရန် ဗိုလ်မှုးအောင် (ရဲဘော်သုံးကျိပ်)၊ ဗိုလ်ထွန်းလင်း (ပြည်သူ့ရဲဘော်) နှင့် ဦးဖေခင် (နောက်ပိုင်းသံအမတ်ကြီး၊ အငြိမ်းစား) တို့အား တောင်ကြီးမြို့သို့ စေလွှတ်လိုက်ပါသည်။
ဦးတင်အေးနှင့် ဦးထွန်းမြင့် (တောင်ကြီး) တို့သည် ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုကို အကြွှင်းမဲ့ လက်ခံ ယုံကြည်သူများဖြစ်သည့်ပြင် အလွန်တက်ကြွသော လူငယ်များဖြစ်သည့်အလျောက် သူတို့ခေါင်းဆောင်သည့် ရှမ်းပြည်နယ် လွတ်လပ်ရေးအဖွဲ့ချုပ် သည် ရှမ်းပြည်နယ်တွင် အထူးသြဇာညောင်းပြီး လူငယ်ထုအား စည်းရုံးသိမ်းသွင်းနိုင်ခဲ့ပါသည်။ ထို့ကြောင့် ဦးတင်အေး အမှုးပြုသော အဖွဲ့ချုပ်ခေါင်းဆောင်များက ပြည်နယ်အတွင်းရှိ မြို့နယ်အဖွဲ့ခွဲများအား စော်ဘွားနှစ်ဦး ဘိလပ်သို့ ကြေးနန်းရိုက်ခြင်းကို ကန့်ကွက်ရှုတ်ချသည့် အစည်းအဝေးများ ပြုလုပ်၍ ဆန္ဒ ပြကြရန် ညွှန်ကြားလိုက်သည်။ ထို့ပြင် တောင်ကြီးမြို့နယ်တွင် လူတန်းစား အလွှာအသီးသီးပါဝင် သည့် လူထုစည်းဝေးပွဲကြီးတစ်ရပ် ကျင်းပရန် စီစဉ်လိုက်သည်။ ယင်းလူထုစည်းဝေးပွဲသို့ တက်ရောက်သူလူဦးရေမှာ နှစ်ထောင်ကျော်ရှိရာ မြန်မာပြည်မတွင်ဆိုလျှင် ပရိတ်သတ် မများလှဟုဆိုနိုင်သော်လည်း ရှမ်းပြည်နယ်အဖို့မှာမူ မကြုံစဖူး ထူးကဲစွာ အင်အားပြလိုက်သော ဆန္ဒပြမှု သို့မဟုတ် နိုင်ငံရေးလှုပ်ရှားမှုကြီးတစ်ရပ် ဖြစ်ခဲ့သည်။ ယင်းအစည်းအဝေးကြီးက ရှမ်းပြည်နယ်အနေဖြင့် မြန်မာပြည်မနှင့်အတူ တစ်ပြိုင်တည်း လုံးဝလွတ်လပ်ရေး တောင်းဆိုကြောင်းနှင့် ပြည်မနှင့်အတူ တောင်တန်းဒေသ ပြည်နယ်များ စုပေါင်းဖွဲ့စည်းအပ်သော ‘ပြည်ထောင်စု’ အသွင်ဖြင့် လုံးဝလွတ်လပ်ရေးရလိုကြောင်း ဗိုလ်ချုပ်အောင်ဆန်း၏ တောင်းဆိုချက်ကို အကြွင်းမဲ့ထောင်ခံပါကြောင်း တခဲနက် ဆုံးဖြတ်ချက်ချလိုက်ပါသည်။ အစည်းအဝေးကို ကြွေးကြော်သံများဖြင့် ရုတ်သိမ်း၍ စနစ်တကျ တန်းစီလှည့်လည်ကာ ဗြိတိသျှအစိုရ တောင်တန်ဒေသ အုပ်ချုပ်ရေးရုံးရှေ့သို့သွားပြီး ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်အော်ကြွေးကြော် ဆန္ဒပြခဲ့ကြသေးသည်။ ဤကား ရှမ်းပြည်နယ် သမိုင်းတွင် ပထမဆုံးအကြိမ် ပြည်သူလူထု၏ နိုင်ငံရေး ဆန္ဒပြမှုကြီးပင် ဖြစ်တော့သည်။
ထိုနေ့မှာပင် ဦးတင်အေး၊ ဦးဖေခင်တို့ အဖွဲ့က ရန်ကုန် ဖဆပလ ဋ္ဌာနချုပ်နှင့် လန်ဒန်မြို့ရောက် ဗိုလ်ချုပ်အောင်ဆန်းတို့ထံသို့ လူထုစည်းဝေးပွဲကြီး၏ ဆုံးဖြတ်ချက်ကို အမြန်ကြေးနန်းရိုက် အကြောင်းကြားလိုက်ကြသည်။
ဗိုလ်ချုပ်ကလည်း ဗြိတိသျှဝန်ကြီးချုပ် မစ္စတာအက်တလီအား တောင်ကြီးမြို့ လူထုအစည်းအဝေးကြီးမှ ဆုံးဖြတ်ချက်ကို ထုတ်ပြလိုက်သောအခါ ‘အောင်ဆန်းသည် ရှမ်းပြည်နယ်ကို ကိုယ်စားမပြု’ ဟူသော စော်ဘွားနှစ်ဦး၏ ကြေးနန်းသည် အလိုအလျောက် ပျက်ပြယ်သွားလေတော့သည်။
သို့နှင့်ပင် ဗိုလ်ချုပ်တို့ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ဗြိတိသျှ အစိုရတို့ ညှိနှိုင်း ဆွေးနွေးပွဲ ဆက်လက်ကျင်းပနိုင်ခဲ့ရာ နောက်ဆုံး၌  ဗြိတိသျှတို့သည် မတတ်သာတော့ဘဲ မြန်မာနိုင်ငံအား ‘ပြည်ထောင်စု’ ပုံစံဖြင့် လုံးဝလွတ်လပ်ရေးပေးရန် သဘောတူကြောင်း အတည်ပြုသည့် ‘အောင်ဆန်း-အက်တလီစာချုပ်’ ကို ၂၇-၁-၄၇ နေ့တွင် လက်မှတ်ရေးထိုး ချုပ်ဆိုလိုက်ရတော့သည်။
သို့ရာတွင် မစ္စတာ အက်တလီဦးဆောင်သော ဗြိတိသျှအစိုးရသည် ၀န်ကြီးချုပ်ဟောင်း ‘ချာချီ’ ဦးဆောင်သည့် ‘ကွန်ဆာဗေးတစ်’ ပါတီ၏ ဖိအားပေးမှုကြောင့် ‘အောင်ဆန်း-အက်တလီစာချုပ်’ တွင် မသိမသာ လှည့်ကွက်သဖွယ် ‘၀ှက်ဖဲ’ တစ်ခု ထည့်သွင်းရေးသားထားလေသည်။ ယင်း ‘၀ှက်ဖဲ’ ကတော့ ဤသို့ဖြစ်သည်။
‘အောင်ဆန်း-အက်တလီစာချုပ်’ ၏ အပိုဒ် ၃(ဂ) တွင် –
          ‘တောင်တန်းဒေသ ပြည်နယ်များအတွက်မူ သက်ဆိုင်ရာ လူမျိုးစု ခေါင်းဆောင်များကိုယ်တိုင်က မြန်မာပြည်မနှင့်အတူ လွတ်လပ်ရေး ရယူကာ ‘ယူနီယံ’ ခေါ် ပြည်ထောင်စုပုံစံဖြင့် နေလိုကြောင်း အခိုင်အမာ စာချုပ်တစ်ခု လက်မှတ်ရေးထိုးပေးကြရမည်’ ဟု ထည့်သွင်းထားခြင်းပင်ဖြစ်သည်။
          ဤကား တောင်တန်းဒေသမှ တိုင်းရင်းသားလူမျိုးစုများ နေထိုင်ရာ ပြည်နယ်များနှင့် ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းအား ‘စိန်ခေါ်’ လိုက်ခြင်းပင် ဖြစ်သည်။ ဗိုလ်ချုပ်ကလည်း ယင်းစိန်ခေါ်ချက်ကို ရဲဝံစွာပင် လက်ခံကာ ၁၉၄၇-ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂ ရက်နေ့ အရောက် ရန်ကုန်သို့ ပြန်လာခဲ့ပါသည်။
*        *        *
          ထိုအချိန်၌ တိုင်းရင်းသား လူမျိုးစုခေါင်းဆောင်များ၏ စုံညီအစည်းအဝေးကို ရှမ်းပြည်နယ် ပင်လုံမြို့၌ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားပြီးဖြစ်ရာ ဗြိတိသျှတို့က ဗိုလ်ချုပ်အောင်ဆန်းအား အဆိုပါ ‘ပင်လုံအစည်းအဝေး၌ လူမျိုးစု ခေါင်းဆောင်များ၏ သဘောတူ လက်ခံကြောင်းစာချုပ် လက်မှတ်ရေးထိုးအောင် တတ်နိုင်လျှင် လုပ်ပြပါလော့’ ဟုစိန်ခေါ်လိုက်ခြင်းပင်ဖြစ်သည်။
          ဗိုလ်ချုပ်တို့ ဗြိတိန်နိုင်ငံရောက်နေချိန်တွင် မြန်မာပြည်ရှိ ဗြိတိသျှအစိုရ တောင်တန်းဒေသ အုပ်ချုပ်ရေးဋ္ဌာနမှ ‘စတီဗင်ဆင်’ဆိုသူ ဦးဆောင်သော နယ်ချဲ့လက်ပါးစေများသည် တိုင်းရင်းသား လူမျိုးစုခေါင်းဆောင်များအား နည်းမျိုးစုံဖြင့် သွေးခွဲနေခဲ့ကြသည်။
          ‘အောင်ဆန်းတို့ မယုံကြနဲ့၊ သူနဲ့ပေါင်းရင် ခင်ဗျားတို့ ဒုက္ခရောက်မှာပဲ၊ ဗြိတိသျှအုပ်စိုးမှု အောက်မှာပဲနေမှ ခင်ဗျားတို့သက်သာမယ်’ စသည်ဖြင့် ခြေထိုးသွေးခွဲသလို တစ်ဖက်ကလည်း နိုင်ငံခြားမှ အကောင်းဆုံး အရက်ယမကာများ၊ စားကောင်းသောက်ဖွယ်များဖြင့် ဖြားယောင်းစည်းရုံးမှုကြောင့် လူမျိုးစုခေါင်းဆောင်အချို့သည် ဖေဖေါ်ဝါရီ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ် လက်မှတ်ထိုးသင့်၊ မထိုးသင့် စဉ်းစားရာ၌ တွေဝေလျက် ရှိကြသည်။
          ထို့ကြောင့်လည်း ဗိုလ်ချုပ်သည် လန်ဒန်မြို့၌ တစ်လလုံးလုံး အလွန်ပင်ပန်းစွာ အလုပ် လုပ်ခဲ့ရပြီးနောက် ရန်ကုန်ပြန်ရောက်သောအခါ အနားယူ အပန်းဖြေရန်ပင် စိတ်မကူးတော့ဘဲ ပင်လုံသို့ ဖေဖေါ်ဝါရီလ ၈ ရက်နေ့အရောက် ခရီးထွက်ခဲ့ပါသည်။
          ဗိုလ်ချုပ် ပင်လုံသို့ရောက်သွားချိန်၌ အခြေအနေမှာ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ ကျင်းပမည့် ပင်လုံညီလာခံကြီးတွင် တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များ စည်းလုံးညီညွတ်စွာဖြင့် လက်မှတ်ရေးထိုးကြပါ့မလား ဟုစိုးရိမ်ဖွယ် ဖြစ်နေသည်မှာ အမှန်ပင် ဖြစ်ပါသည်။
          ယင်းအခြေအနေကို ကောင်းစွာသိပြီး ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုကို အကြွင်းမဲ့ယုံကြည်ထောက်ခံသူ ကချင်ခေါင်းဆောင် ဆမားဒူဝါဆင်ဝါးနောင်၊ မိုင်းပွန်စော်ဘွားကြီး (အာဇာနည်ခေါင်းဆောင်) နှင့်တကွ ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့မှ ဦးတင်အေး၊ ဦးထွန်းမြင့် (တောင်ကြီး)၊ အိုင်စီအက်စ် ဦးတင်ထွဋ်၊ ဦးဖေခင် စသောပုဂ္ဂိုလ်များက ပင်လုံရောက် ကိုယ်စာလှယ်များအား အလျင်အမြန် စည်းရုံးလှုပ်ရှားမှုဖြင့် နှစ်နာရီ အတွင်း ကိုယ်စားလှယ်ပေါင်းစုံပါဝင်သော အစည်းအဝေးတစ်ခု ဖြစ်မြောက်သွားပါတော့သည်။
          ယင်းအစည်းအဝေးသို့ ဗိုလ်ချုပ်ကိုယ်တိုင်တက်ရောက်ပြီး ‘ယူနီယံ’ ခေါ် ပြည်ထောင်စု အသွင်ဖြင့် ပြည်နယ်များနှင့် ပြည်မတို့ ပူးပေါင်းဖွဲ့လျက် လွတ်လပ်ရေး ရယူခြင်းသည်သာလျှင် အကောင်းဆုံးဖြစ်ကြောင်း အချက်အလက် စုံလင်စွာဖြင့် ရှင်းလင်းပြောပြရာ အားလုံးက နားလည်သဘောပေါက်သွားပြီး လက်ခံသဘောတူညီသွားကြလေသည်။
          ထိုနေ့ကား ၁၉၄၇-ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ပင်ဖြစ်သည်။
          တစ်နည်းအားဖြင့် ပြည်ထောင်စုနေ့ (ဖေဖေါ်ဝါရီလ ၁၂) ဖြစ်ပေါ်လာစေသည့် ပင်လုံညီညွတ်ရေး စာချုပ်ကြီး ဖြစ်မြောက်အောင်မြင်ရန် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ ညနေကျမှပင် သေချာသွားခဲ့ပါသည်။
          ထိုအချိန်၌ ‘စတီဗင်ဆင်’ ဦးဆောင်သော ဗြိတိသျှနယ်ချဲ့လက်ပါးစေအုပ်စုကတော့ နောက်ဆုံးအခြေအနေကို မသိကြသေး။ သူတို့သွေးခွဲ ခြေထိုးထားသည့်အတိုင်း ပင်လုံစာချုပ် မည်သို့မှ ဖြစ်မြောက်နိုင်မည် မဟုတ်ဟု တထစ်ချ ထင်နေကြဆဲပင် ဖြစ်သည်။
          တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များနှင့်တကွ ကချင်ဒူဝါများ၊ ရှမ်ပြည်နယ်မှ နယ်ရှင်စော်ဘွားများသည် ဗိုလ်ချုပ်၏ နှလုံးသားအတွင်း အခိုင်အမာ ကိန်းအောင်းနေသည့် ‘ပြည်ထောင်စုစိတ်ဓါတ်’ အကြောင်း ကောင်းစွာသိမြင် သဘောပေါက်သွားကြပြီ ဖြစ်လေသည်။
          ထို့ကြောင်ပင် နောက်တစ်နေ့ ဖေဖေါ်ဝါရီလ ၁၂ ရက် နံနက် ၁၀ နာရီအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း အမှုးပြုသော ကိုယ်စာလှယ် ၂၂ဦး တို့သည် သမိုင်းဝင် ‘ပင်လုံညီညွတ်ရေး စာချုပ်ကြီး’ ကို တစ်ယောက်ပြီးတယောက် ဆက်တိုက် လက်မှတ်ရေးထိုးလိုက်ကြသည်။
          ဤကား ၁၉၄၂-ခုနှစ် ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ခေတ်မှစ၍ ဗိုလ်ချုပ်အနေဖြင့် အထူးကြိုးစာ တည်ဆောက်ခဲ့သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ စစ်ပြီးခေတ် ဖဆပလ အဖွဲ့ချုပ် သို့မဟုတ် အမျိုးသားတပ်ဦးကြီး၏ ဥက္ကဋ္ဌအဖြစ် တိုင်းရင်းသားလူမျိုးစု များအား တရင်းတနှီး စည်းရုံးခဲ့ခြင်း၊ (၂၆-၉-၄၆) နေ့တွင် အစိုးရ အာဏာရရှိပြီး နောက်တွင်လည်း တောင်တန်းဒေသများသို့ ကိုယ်တိုင်သွားရောက်လျက် သွေးချင်းလူမျိုးစုများအား အပင်ပန်းခံ စည်းရုံးခဲ့ခြင်းတို့၏ ရလဒ်ပင်တည်း။
          တစ်နည်းအားဖြင့် ဗိုလ်ချုပ်သည် သူ၏ စည်းရုံးရေးစွမ်းရည်ဖြင့် ‘ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်’ ဟူသော လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံကို ကမ္ဘာ့မြေပုံပေါ်တွင် ထင်ရှား ပေါ်လွင်စွာ ရေးဆွဲဖန်တီးနိုင်ခဲ့ခြင်းပင် ဖြစ်ပါသတည်း။
စတိုင်သစ်မဂ္ဂဇင်း (ဖေဖေါ်ဝါရီ-၁၉၉၅)

Friday 3 June 2011

ထာဝရ

အို ကိုယ်တို့ နှစ်ယောက်ရဲ့ အသိမှာ
ကတိ့စကား တစ်ခွန်းမှ မရှိပါ
ဘာမှ မထူးဆန်းတဲ့ ကဗျာ

ဒီ ရေခဲ့မြစ်နဲ့ တစ်ဖက်ဆီ ကိုယ် မကြည့်မိသလို နေရင်း
တို့ နှလုံးသား တိတ်ဆိတ်နေခဲ့တာ

ကမ္ဘာမြေ ခြောက်သွေ့တဲ့ နေ့ရက်တွေ
တကယ်တမ်းတော့ ငါ့ရင်မှာ
နင် တစ်ယောက်တည်း ရှိခဲ့တယ်
အို ကြေကွဲ့ရမယ့် အဖြစ်တွေ
နေခဲ့ရမယ့် မြင်ပြီး ကိုယ့် နှလုံးသား စိုးရွံနေခဲ့တာ

ဒီမိုးတွေ ရွာတဲ့ မနေ့ညက အိပ်မက်တယ်
မင်းကို ရင်ဆိုင် ဖွင့်ပြောတော့မယ်

ထာဝရ အဆုံးထိ နှုတ်မဆက်ပါကွယ်
ထာဝရ အဆုံးတိုင် ကိုယ် တန်ဖိုးထားပါ့မယ်
မင်းလက်တွေ ဆုတ်ကာ/ကိုင်ဆုပ်ကာ အခါခါ ဆက်ဆက် ပြောချင်တယ်
ဒီတသက်လုံး နင် တစ်ယောက်တည်း ချစ် ပါမယ်/ တော့မယ်

အတ္တဟိ အတ္တနော နာထော့


ကံကောင်း မကောင်း
ကိုယ့်ကိုယ် ကိုပြန်မကြည်ဘဲ
လောကကို
အလကားနေရင်း ကဲ့ရဲ့တဲ့အကောင်ဟာ
ကိုယ်ပါပဲ။

ခံနိုင်ရည်အခွံပြုတ်
စတ်ဓာတ်တွေခြချူချာ၊
ခွန်အားကို ခြိုးခြံလွန်းလို့၊
အခွင့်ရေးတွေဆုံးရှံး၊
ခွေးလုံးလုံး ဖြစ်နေရတော့မလား။


ဂရုတစိုက်၊
ဂွရထားပြီး စဉ်းစား၊
ဂေါတမဘုရားရဲ့ အဆုံးမ၊
ဂဃနဏ တွေးစရာ၊
ဂုဏ်ဆိုတာ အလုပ်၊
အလုပ်ဆိုတာ ကံ၊
ဂန္တ၀င်မြောက်နိုင်တာ လူပါပဲ။

ငါ..........
ငေးငူငိုင်ငိုင်
ငုတ်တုတ်ထိုင်ပြီး၊
ငုံလျှိုးငိုက်မျဉ်း၊
ငိုချင်းချလို့ အငတ်မခံ၊
ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်၊
ငါ့မြင်းငါစိုင်းမှ ငါ့တိုင်းငါပေါက်၊
ငါယောင်္ကျားပဲလေ........................
(အတွဲ 39 အမှတ် 10 1994 ခု June ဗုဒ္ဓဓမ္မလောက မှ
 
 
 

စေတနာကောင်းရင် အကျိုးပေးကောင်းတယ်

ဘယ်သူ ဘယ်လောက်ပဲ
အလုပ်များတယ် ပြောပြော၊
လူတိုင်း လူတိုင်းမှာ
ကိုယ်အလုပ်၊ နှုပ်အလုပ်၊
စိတ်အလုပ် ရယ်လို့
အလုပ်သုံးမျိုးပဲ ရှိပါတယ်။

အဲဒီအလုပ်သုံးမျိုး
လုပ်တိုင်းလုပ်တိုင်း
စေ့ဆော်တိုက်တွန်းမှုဆိုတဲ့
စေတနာဓာတ်လေး
အမြဲပါ ပါတယ်။

ကောင်းတာလုပ်ရင်
ကောင်းတဲ့စေတနာ၊
ဆိုးတာလုပ်ရင်
ဆိုးတဲ့စေတနာ
တွဲးပါနေပါတယ်။

အလုပ်တိုင်းမှာ တွဲပါနေတဲ့
အဲဒီစေတနာဓာတ်လေးကို
ကံ လိုခေါ်ပါတယ်။

စေတနာကောင်းရင်
ကံကောင်းပြီး
စေတနာဆိုးရင်
ကံဆိုးပါတယ်။

ကံကောင်းရင်
အကျိုးပေးကောင်းပြီး
ကံဆိုးရင်တော့
အကျိုးပေးညံ့ပါတယ်။
အရှင်ဆန္ဒာဓိက
စိတ်အားဖြည့် ဓမ္မရွက်နု
မှပြန်လည်ဖော်ပြပါသည်